မင်းချစ်သူ

Sunday, March 21, 2010

ရခိုင်ပြည်လွတ်မြောက်ရေးပါတီက အာဇာနည်နေ့ကျင်းပ


ksna
ALP နှစ် (၃၀) မြောက် အာဇာနည်နေ့အခမ်းအနား၌ ဒု-ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် မိန့်ခွန်းပြောကြားစဉ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ခိုင်မိုးလင်း ကျဆုံးသည့် နှစ် (၃၀) ပြည့် အခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ်၌ ယနေ့ကျင်းပသည်။

“ရခိုင်သူရခိုင်သားတွေ၊ ရဲဘော်တွေ၊ ပါတီဝင်တွေအနေနဲ့ ဥက္ကဋ္ဌခိုင်မိုးလင်းရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ သတ္တိ ပြောင်မြောက်စွာ တိုက်ပွဲဝင်မှုတွေကို စံနမူယူပြီးတော့ သူ့လိုသူရဲကောင်းတွေ ထွက်ပေါ်လာဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီအခမ်းအနားကို လုပ်ရခြင်းဖြစ်တယ်” ဟု ALP ဒု-ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်ကပြောသည်။


ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်သည် ရခိုင်ပြည်နယ်၌ အခြေစိုက်နိုင်ရန် ကေအန်ယူထိန်းချုပ် နယ်မြေမှ ၁၉၇၆ ခု ဇွန်တွင် စတင်ချီတက်ခဲ့ရာ မိုင်ပေါင်း (၂,၀၀၀) ကျော်ခရီးဖြတ်သန်းပြီးနောက် ချင်းပြည်နယ်အရောက်တွင် မဆလတပ်ဖွဲ့များ၏ ၀ိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် ဥက္ကဋ္ဌခိုင်မိုးလင်းသည် လက်နက်ချအညံ့မခံဘဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

ဥက္ကဋ္ဌခိုင်မိုးလင်း အာဇာနည်ပီပီ ကျဆုံးသွားခြင်းသည် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့အတွက် တန်ဖိုး မဖြတ်နိုင်သည့် ဆုံးရှုံးမှုကြီးပင်ဖြစ်သည်ဟု ALP ၏ ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

“ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ရန်သူ့ထံမှာ ဒူးထောက်အညံ့မခံဘဲ တိုက်ပွဲဝင်သွားတယ်။ နောက်တခါ မကျဆုံးခင်ကလည်း ကိုယ်ကျိုးမဖက်ဘဲ စွမ်းစွမ်းတမံကြိုးပမ်းခဲ့တယ်။ စစ်ဦးစီးချုပ် တယောက်အနေနဲ့ ရဲဘော်တွေနဲ့အတူ ရှေ့တန်းနယ်မြေတွေမှာ လက်တွဲတိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်တယ်။ ဒါကြောင့်လည်း ကျနော်တို့ပါတီက အာဇာနည်အဖြစ် သတ်မှတ်တာဖြစ်တယ်” ဟု ခိုင်စိုးနိုင်အောင်ကပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးမြင့်သိန်းက “ဗိုလ်မှူးခိုင်မိုးလင်းဟာ ရခိုင်ပြည်သူတရပ်လုံး အခွင့်အရေးတွေ ဆုံးရှုံးနေတာကို ပြန်လည်ရရှိအောင် အမြော်အမြင်ကြီးကြီးနဲ့ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ နောက်တခုက သူ
ကိုယ်တိုင် တပ်ကို ဖွဲ့တယ်။ ရဲဘော်တွေနဲ့အတူ လက်တွဲတိုက်ပွဲဝင်တယ်။ တကယ့်ကိုလေးစား
ထိုက်တဲ့ ခေါင်းဆောင်တယောက်ဖြစ်ပါတယ်” ဟုပြောသည်။

ALP ဥက္ကဋ္ဌ ခိုင်မိုးလင်း၏ ရန်သူကို အညံ့မခံမှု၊ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်မှု
တို့သည် ရခိုင်အမျိုးသားများအတွက်သာမကဘဲ တော်လှန်ရေးအင်အားစုများအတွက်ပါ ဂုဏ်ယူ တန်ဖိုးထားရမည့် လုပ်ရပ်များဖြစ်သည်ဟု ၎င်းကပြောသည်။